နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၃ ခုနှစ်၊ မေလ (၁၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Strom) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၆၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၇၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ပို့ပလဲယား (Port Blair)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။