DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေ)တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန်

လိုအပ်လာခြင်း

ကျွနု်ပ်တို့မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာမြေကြီးသည် လုံးဝန်သောပုံသဏ္ဍန်ရှိ၍   အချင်းမှာ ၁၂၈၀၀ ကီလိုမီတာခန့် ရှိပါသည်။ ကမ္ဘာမြေပြင်အထက် ၁၀၀၀ ကီလိုမီတာတိုင်အောင် လေထုဖြင့် လွှမ်းခြုံထားပါသည်။

သို့ရာတွင် ကမ္ဘာမြေပြင်မှ အထက် ၃၀ ကီလိုမီတာခန့်အတွင်းတွင် တည်ရှိသော လေထု၌ ၉၉% သော ဓာတ်ငွေ့များ ပေါင်းစပ်ပါဝင်နေပါသည်။ ထိုဓာတ်ငွေ့များမှာ အောက်ဆီဂျင် ၂၁%၊ နိုက်ထရိုဂျင် ၇၈%၊ အာဂွန် ဝ.၉ %၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဝ.၀၃ % နှင့် အခြားဓာတ်ငွေ့များ ဝ.၀၇ %တို့ အသီးသီးပါဝင်နေပါသည်။

ဤလေထုသည် ကမ္ဘာမြေနှင့် နှိုင်းစာပါက အလွန်ပါးလွှာပါသည်။ ဥပမာအားဖြင့် ကမ္ဘာမြေသည် ပန်းသီးတစ်လုံး၏ အရွယ်ပမာဏရှိပါက လေထုသည် ပန်းသီး၏ အခွံခန့်သာ ထူပေလိမ့်မည်။ ကမ္ဘာမြေနှင့်ထိစပ်လျှက်ရှိသော လေထု၏ အောက်ခြေလွှာတွင် လ၊ူ သတ္တဝါနှင့် သစ်ပင်တို့သည် အသက်ရှင်ပေါက်ဖွား နေထိုင်လျက်ရှိပါသည်။

လေထုအတွင်း၌ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2)နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ်(NOx) ဒြပ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့၏ ပါဝင်မှုအရေအတွက် တနေ့တခြား မြင့်တက်လျက်ရှိကြောင်း ထိုကဲ့သို့ လေထုညစ်ညမ်းမှု ဆက်လက်တိုးပွားလာပါက ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်လျက်ရှိသော လူသားများ၊ ကုန်နေ ရေနေသတ္တဝါများ၊ သစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ကမ္ဘာနိုင်ငံအသီးသီးမှ သိပ္ပံပညာရှင်များက တခဲနက် ထောက်ပြ သတိပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ ကမ္ဘာမြေ အရှည်တည်တံ့၍ ဆက်လက်ရှင်သန်နိုင်ရန် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ရမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းသည် အလွန်အရေးပါသကဲ့သို့ လေထုညမ်းညမ်းမှု ဖြစ်စေ သော ဇီဝရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကို လျှော့ချပြီး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသော နေရောင်ခြည်နှင့် လေအားမှ လျှပ်စစ်စွမ်းအင် ထုတ်ယူမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်နေပါသည်။

လေထုညမ်းညမ်းရာမှ အစပြု၍ ဖြစ်ပွားသော အက်ဆစ်ဖြစ်ထွန်းခြင်း လေ့လာစောင့်ကြည့်မှု လုပ်ငန်းကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် အက်ဆစ်ဖြစ်ထွန်းမှုကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လေ့လာစောင့်ကြည့်လျက်ရှိသည့်အပြင် အရှေ့အာရှ အက်ဆစ် ဖြစ်ထွန်းမှု လေ့လာစောင့်ကြည့်ရေးကွန်ယက်(EANET)၏ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်၍ မိမိနိုင်ငံတွင် အက်ဆစ်ဖြစ်ထွန်းမှု အခြေအနေများကို စောင့်ကြည့်လေ့လာ သုတေသနပြုလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် စခန်းအသီးသီးမှ တိုင်းတာရရှိသော မိုးရေ၏ ပျမ်းမျှ pH တန်းဖိုးများကို လေ့လာရာတွင် မြစ်ကြီးနား၊ ကျိုင်းတုံ၊ တောင်ကြီး၊ ဘားအံ၊ ပဲခူးနှင့် မော်လမြိုင်မြို့၏ pH တန်းဖိုးများသည် ၅.၆ နှင့်အောက်တွင် ရောက်ရှိနေသဖြင့် အက်ဆစ်ဖြစ်ထွန်းမှု အခြေအနေ ဆက်လက်လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်နေပါသည်။ မြန်မာနိုင်ငံတွင် အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာန အဖွဲ့အစည်းများမှာ -

v     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

v     မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

v     မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

v     ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

v     သစ်တောဦးစီဌာန

v     ကျန်းမာရေးဦးစီးဌာန

v     ဆေးသုတေသနဦးစီးဌာန

v     စည်ပင်သာယာရေးဦးစီးဌာန

v     ဆည်မြောင်းဦးစီးဌာန

v     ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန

v     အဏုမြူစွမ်းအင်ဦးစီးဌာန

v     ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင် တို့ ဖြစ်ပါသည်။

 

အက်ဆစ်ဖြစ်ထွန်းမှု ဖြစ်စဉ်

 

ကျွနု်ပ်တို့ မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာမြေအား လေထုတို့ဖြင့် လွှမ်းခြုံထားပါသည်။ ထိုလေထု၏ အောက်ခြေအလွှာအတွင်းတွင် ဓာတ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့ ပျံ့လွင့်လျက်ရှိပါသည်။ အချို့ကို သာမန်မျက်စိဖြင့် မြင်နိုင်စွမ်း၏။ အချို့မှာ အလွန်သေးငယ်သောကြောင့် မြင်နိုင်စွမ်း မရှိပေ။ ထိုမြူမှုန်၊ ဒြပ်မှုန်တို့ လေထုအတွင်းသို့ ရောက်ရှိလာရခြင်း၏အကြောင်းရင်းတို့မှာ သဘာဝအလျောက် ဖြစ်ပေါ်ခြင်းနှင့် လူသားတို့၏ လုပ်ဆောင်မှုများကြောင့်ဟူ၍ (၂)မျိုး ခွဲခြားနိုင်ပါသည်။

သဘာဝအလျောက် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းခြင်းများမှာ မီးတောင်ပေါက်ကွဲမှု၊ တောမီးလောင်ကျွမ်းမှုတို့ကြောင့် ချော်မှုန်၊ ပြာမှုန်များ လေထုအတွင်းသို့ ရောက်ရှိလာရခြင်းဖြစ်ပါသည်။

လူသားတို့၏ လုပ်ဆောင်မှုကြောင့် လေထုညစ်ညမ်းမှုဖြစ်ရခြင်း အကြောင်းအချက်တို့မှာ ရုပ်ကြွင်းလောင်စာများဖြစ်သော ကျောက်မီးသွေး၊ ရေနံနှင့် ထင်းမီးသွေး အသုံးပြုခြင်းများအပြင် ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးရန်အတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်း၍ မီးရှို့ရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များနှင့် ပြာများ၊ ကျောက်မီးသွေးမှုန်များ၊ ကြပ်ခိုးများ လေထဲတွင် မျောပါပျံ့လွင့်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကျောက်မီးသွေးနှင့် လောင်စာများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လျှပ်စစ်ဓာတ်အား ပေးစက်၊ စက်မှုန်ကုန်ထုတ်စက်ရုံများ၊ ပို့ဆောင်ရေးယာဉ်တို့တွင် အသုံးပြုရာမှ ထွက်ပေါ်လာသည့် SO2 နှင့် NOx ဓာတ်ငွေ့များအပြင် မီးခိုး၊ ကြပ်ခိုး နှင့် ဒြပ်မှုန်တို့သည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး အက်ဆစ် ဖြစ်ထွန်းခြင်းများ ဖြစ်ပေါ်စေပါသည်။

အက်ဆစ်ဖြစ်ထွန်းခြင်း (၂) မျိုးရှိပါသည်။ အစိုဖြစ်ထွန်းခြင်းနှင့် အခြောက်ဖြစ်ထွန်းခြင်းဟူ၍ ဖြစ်ပါသည်။

အစိုဖြစ်ထွန်းခြင်း ဆာလဖာဒိုင်အောက်ဆိုဒ် SO2 နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ် NOx ဓာတ်ငွေ့နှင့် အခြား ဓာတ်မှုန်တို့သည် လေထုအတွင်း၌ လွင့်မျောလျက်ရှိသော တိမ်များနှင့် ပူးပေါင်းမိသောအခါ တိမ်အတွင်းရှိ ရေစက်ရေပေါက်များနှင့် ဟိုက်ဒရိုဂျင်အိုင်ယွန်း(H+)တို့ဓာတ်ပြုပြီး၊ ဆာလဖြူရစ်အက်ဆစ်နှင့် နိုက်ထရစ် အက်ဆစ်များအဖြစ်သို့ ဓာတ်ပြောင်းသွားကြပါသည်။ ထိုကဲ့သို့ အက်ဆစ်ဓာတ်ပါဝင်သော မိုးရေ(Rain)၊ နှင်းပွင့် (Snow) ၊ မြူထူ(Fog)နှင့် မြူ(Mist) တို့သည် ကမ္ဘာမြေပေါ်သို့ ရွာကျခြင်းဖြစ်စဉ်ဖြင့် ရောက်ရှိသွားခြင်းကို အစိုဖြစ်ထွန်ခြင်းဟု ခေါ်ဆိုပါသည်။

အခြောက်ဖြစ်ထွန်းခြင်း အက်ဆစ်အခြောက်ဖြစ်ထွန်းခြင်းဆိုသည်မှာ ရာသီဥတုသာယာသည့် အချိန်အခါများနှင့် တိမ်ထူသည့်နေ့များတွင် လေထုထဲတွင် ရောနှောပါဝင်နေသော အက်ဆစ် ဖြစ်ထွန်း စေနိုင်သည့် ဓာတ်ငွေ့များနှင့် လွင့်မျောနေသော မြူမှုန်၊ ဒြပ်မှုန်တို့သည် မြေပြင်၊ အဆောက်အဦနှင့် သစ်ပင်များပေါ်သို့ တိုက်ရိုက်ကျရောက်ခြင့်နှင့် လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်သည့် ဖြစ်စဉ်ကို ဆိုလိုပါသည်။

အက်ဆစ်အစိုဖြစ်ထွန်းခြင်းနှင့် အခြောက်ဖြစ်ထွန်းသည့် ဖြစ်စဉ်များသည် မြေဆီလွှာ၊ အင်းအိုင်၊ ရေပြင်းပေါ်များပေါ်သို့ရောက်သည့်အခါ ဓာတ်ပြုမှုများပေါ်ပြီး အက်ဆစ်ဖြစ်ထွန်းသဖြင့် သစ်ပင်နှင့် ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပါသည်။ အက်ဆစ်ဖြစ်ထွန်းစေသော ဓာတ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့၏ ပမာဏများပြားလျှင် အက်ဆစ်ပြင်းအား ပိုမို များပြားပါသည်။

 

အက်ဆစ်ဆိုတာ ဘာလဲ ?

အက်ဆစ်ပါဝင်မှုနှုန်းထားကို pH ဖြင့် ဖော်ညွှန်းပါသည်။ pH ဆိုသည်မှာ ဟိုက်ဒရိုဂျင် အိုင်းယွန်း ပါဝင်မှုနှုန်းဖြစ်ပါသည်။ ဟိုက်ဒရိုဂျင် အိုင်းယွန်းပါဝင်မှုများလျှင် အက်ဆစ်၏ ပြင်းအား များပြားပါသည်။ ဘက်ထရီတွင်ပါဝင်သော အက်ဆစ်သည် pH အဆင့် (၁)ရှိပါသည်။ လူတို့၏ အသားအရေနှင့် ထိတွေ့ပါက ပူလောင်ပြီး အနာတရ ဖြစ်စေသည့်အပြင် အဝတ်အထည်တို့ကို ပေါက်ပြဲစေပါသည်။ ကျွနုပ်တို့ စားသောက်လျက်ရှိသော အစားအစာတို့တွင် အက်ဆစ်ပါဝင်မှုများရှိနေပါသည်။ သို့ရာတွင် ကျွနု်ပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ အစာအိမ်သည် အက်ဆစ်ဓာတ်ပါဝင်မှုကို ကန့်သတ်ချက်အတိုင်းအတာဖြင့် လက်ခံနိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။

အက်ဆစ်ပါဝင်သော မိုးရေထဲတွင်လမ်းလျှောက်ခြင်း၊ ရေချိုးခြင်း၊ အက်ဆစ်ဓာတ်အပျော့စားဖြစ်ပေါ် နေသော ရေကန်၊ အင်းအိုင်တို့တွင် ရေကူးခြင်းများ ပြုလုပ်သော်လည်း လူသားများအားထိခိုက်မှုမရှိပေ။ သို့ရာတွင် သံထည်ပစ္စည်းများ သံချေးတက်ခြင်း၊ ကြေးထည်ပစ္စည်းများကြေးညှိတက်ခြင်း၊ ကွန်ကရိ အဆောက်အဦများ ပျက်စီးခြင်း၊ မာဘယ်ကျောက်များ အရောင်ပြောင်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

 

အက်ဆစ်ဖြစ်ထွန်းခြင်းကြောင့်

ဖြစ်ပေါ်လာသော ပြဿနာများ

 

အက်ဆစ်ဖြစ်ထွန်းမှုကြောင့် သက်ရှိသတ္တဝါများနှင့် သက်မဲ့ ရုပ်ဝတ္တုများကို ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် အက်ဆစ်ဖြစ်ထွန်းမှုများပြားလာပါက မှီတင်းနေထိုင်သော ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပါသည်။ ငါးတို့သည် ငါးသားဥ၊ သားဖောက်ခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ချေ။ ထိုအပြင် ငါးတို့၏ အစာဖြစ်သော ပိုးမွှားကောင်များ သေကြေပျက်စီးကြသဖြင့် အစာအာဟာရ ရှားပါးမှုကြုံတွေ့ရပါသည်။ မြေဆီလွှာ တိုက်စားမှုမှ ပါဝင်လာသော သတ္တုများကြောင့် ငါးများ၏ ပါးဟက် ပျက်စီးမှုများဖြစ်ကာ အသက်ရှုရန် အခက်အခဲဖြစ်ပြီး သေဆုံးကြရသည်။

သစ်ပင် သစ်တောများသည် လေထဲတွင်မျောပါလာသည့် အက်ဆစ်ဖြစ်ထွန်းစေသော မြူမှုန်၊ ဒြပ်မှုန်များ ကျရောက်သဖြင့် ဧရိယာကျယ်ပြန့်စွာ တဖြည်းဖြည်းခြောက်သွေ့သေဆုံးနေသည်ကို တွေ့မြင်ရ ပါသည်။ မြေဆီလွှာတွင်ရှိသော မြေသြဇာများကို အက်ဆစ်များမှ ချေဖျက်သဖြင့် သစ်ပင်များ အာဟာရ ခေါင်းပါးမှုကို ကြုံတွေ့နိုင်ပါသည်။ ထိုအခါ သစ်ပင်မှ သစ်ရွက်များ တဖြည်းဖြည်း ကျဲပါးလာပါသည်။ ထို့နောက် သစ်ပင်၏ ပင်စည်များတွင် ကပ်ပါးမှိုများ ကျရောက်၍ သစ်တော သစ်ပင်များကို ပျက်စီးဆုံးရှုံးမှုဖြစ်စေပါသည်။

ရေညှိပင်များသည် အက်ဆစ်ဒဏ်ကို ခံနိုင်မှုနည်းပါးသော သစ်ပင်များဖြစ်ပါသည်။ အကယ်၍ အက်ဆစ်ဖြစ်ထွန်းမှု မရှိသော နေရာတွင် အပင်တို့သည် ကြီးထွားရှင်သန် ပေါက်ရောက်သော်လည်း လေထုညစ်ညမ်း၍ အက်ဆစ်ဖြစ်ထွန်းမှုရှိပါက ရေညှိပင်များ သေဆုံးနေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းဒေသတွင် အက်ဆစ်ဖြစ်ထွန်းမှုအခြေအနေကို သိရှိနိုင်ပါသည်။

အက်ဆစ်ဖြစ်ထွန်းမှုကြောင့် လူသားတို့ ပြုလုပ်ဖန်တီးထားသော ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။

သက်ရှိလူသားများသည်လည်း အက်ဆစ်ဖြစ်ထွန်းမှု၏ ဆိုးကျိုးများ ခံစားနေကြရပါသည်။ လေထုညစ်ညမ်းမှုကြောင့် လူသားများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော ပန်းနာရင်ကြပ် ဝေဒနာ၊ အဆုပ်ရောဂါနှင့် ခဲဆိပ်သင့်သည့် ဝေဒနာတို့ကို ခံစားကြရသည်။