နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာကရင်ပြည်နယ်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့တွင် (၅)ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် မိုင်းယန်းမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ဟဲဟိုးမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်(Depression)သည်သိသိသာသာရွေ့လျားခြင်းမရှိဘဲ၊မြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့(Coco Island)၏အနောက်တောင်ဘက်ရေမိုင်(၇၄၅)မိုင်ခန့်၊ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏အနောက်တောင်ဘက်ရေမိုင်(၈၆၀)မိုင်ခန့်၊သီရိလင်္ကာနိုင်ငံ၊ထရီကိုမာလီမြို့(Trincomalee)၏အရှေ့-အရှေ့တောင်ဘက်ရေမိုင်(၇၀)မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံ၊ကာရိုင်ကယ်မြို့(Karaikal)၏အရှေ့တောင်ဘက်ရေမိုင်(၂၃၀)မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျားမိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။