နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။