အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄)
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမို အားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက် တောင်ဘက် ရေမိုင် ၇၈၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) ခန့်မှန်းချက်
(၁) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ၂၇-၁၁-၂၀၂၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ထိုမှတစ်ဆင့် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေနှင့် သီရိလင်္ကာနိုင်ငံကမ်းခြေအနီးတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(၂) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ၂၈-၁၁-၂၀၂၄ ရက်နေ့မှ ၃၀-၁၁-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးရွာနိုင်ပါသည်။